Home »
» ထိုင်းဆန်ခေါက်ဆွဲကြေ
ထိုင်းဆန်ခေါက်ဆွဲကြေ
ထိုင်းဆန်ခေါက်ဆွဲကြော် (၂ ယောက်စာ)
..............................
ဒီနည်းက ဖတ်ထိုင်းကြော်နည်းအတိုင်း အနီးစပ်ဆုံး ကြော်ပေးထားပါတယ်။ ပါဝင်ပစ္စည်းတချို့ ရှာမရတာကြောင့် ဖတ်ထိုင်းလို့တော့ နာမည်မတပ်ပါရစေနဲ့။ အနီးစပ်ဆုံး အိမ်မှာ ကိုယ်တိုင်ကြော်စားနိုင်မယ့်နည်းကို အလွယ်ဆုံးနည်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီအချိုးက အစားသရဲဆိုရင် ၂ ယောက်စာ ဆိုပေမယ့် ပုံမှန်စားသူ ဆို ၃ - ၄ ယောက်စာရပါတယ်။
ဆော့စ်လုပ်ရန် ပါဝင်ပစ္စည်းများ
- ထိုင်းငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အနှစ်တိုက်ပြီး မန်ကျည်းမှည့် - ထမင်းစားဇွန်း ၈ ဇွန်း
- သကြားညို - ထမင်းစားဇွန်း ၈ ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း ၃ ဇွန်း
- ရေနွေး - ကော်ဖီခွက် ၁ ခွက်စာ (၁၅၀ မီလီလီတာ)
(ဇလုံတစ်လုံးထဲမှာ အားလုံးရောပြီး သမအောင်မွှေ ထားပေးပါ)
- ဆီ - စားပွဲဇွန်း ၆ ဇွန်း
- ကြက်ဥ - ၂ လုံး
- ဝက်အူချောင်း - ၂ ချောင်း
- ပဲပြား - ၁ တုံး
- ကြက်သွန်နီစဉ်းပြီး - ၂ လုံး
- ကြက်သွန်ဖြူစဉ်းပြီး - ၄ မြွှာ
- ကွေတီယိုဆန်ခေါက်ဆွဲ - ၂၀ဝ ဂရမ်
(ခေါက်ဆွဲများ မြုပ်အောင် ရေစိမ်ထားပါ)
- လှီးဖြတ်ပြီး မုန်ညင်း - ၅ ပင်
- ပဲပင်ပေါက် - အနည်းငယ်
- ကြက်သွန်မြိတ်ဖြတ်ပြီး - ၃ ပင်
ပြုလုပ်နည်း
၁။ ဆီအိုးအပူပေးကာ ပဲပြားများ သေးသေးတုံးကြော်ပြီး ဖယ်ထားပါ။ ကြက်ဥများကို ဖောက်ထည့်ပြီး အကာများ ခဲလာသည်အထိ စောင့်ပေးပြီး ခြေကြော်ပါ။ ပြီးလျှင် ဖယ်ထားပါ။
၂။ ဆက်၍ ဝက်အူချောင်းအနေတော်လေးများ တစ်စောင်း လှီးဖြတ်ကာ အရောင်ပြောင်းရုံကြော်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီစဉ်းပြီးသားများထည့်၍ အနည်းငယ်ခြောက်လာသည်အထိ ဆီသတ်ပါ။
၃။ ခေါက်ဆွဲများထည့်ပြီး သေသေချာချာ မွှေပေးပါ။ ပဲပြား ကြော်ပြီးသားများ ထည့်ပေးပါ။ ခေါက်ဆွဲများ ပျော့လာ လျှင် အသင့်စပ်ပြီးသော ဆော့စ်များမှ ထမင်းစားဇွန်း ၆ ဇွန်းထည့်ပေးပါ။ (ဆော့စ်အကျန်များကို ဘူးတစ်ခုနှင့် ထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းနိုင်ပါတယ်။) သေသေချာချာ နှံ့စပ်အောင်မွှေပေးပါ။ အရမ်းခြောက်လွန်းလျှင် ရေနွေးနည်းနည်းစီဖျန်းပြီး ကြော်ပေးပါ။
၄။ မုန်ညင်းရွက်များ ထည့်မွှေပေးပါ။ အရွက်များပျော့လာလျှင် ပဲပင်ပေါက်များထည့်ကြော်ပြီး ဖယ်ထားသော ကြက်ဥ အကြေများ ထည့်ပေး၊ ငရုတ်ကောင်းဖြူမှုန့်ဖြူးကာ ကြက်သွန်မြိတ်ထည့်မွှေပေးပြီး အဆုံးသတ်နိုင်ပါပြီ။
........................
Crd.
ကိုသစ်ထူး
No comments:
Post a Comment